Photo များ ကြည့်ရှုရန်

dhamaalin@gmail.com

တရား ပရိတ်သတ်

   

Font ပြောင်းရန်

ဝိပဿနာ မလုပ်သေးတာဖြင့် သေရတာ အားမရသေးလို့လား မေးဖို့ပဲရှိတော့တယ်။ ခင်များ တို့ အင်မတန် ကိုယ်ကျိုးနည်းမှာစိုးလို့ ဒီအလုပ်ကို ခိုင်းနေတာမှတ်ပါ။ ခင်များတို့က မသိလို့အေးအေးနေတာ။ တော်ကြာခင်များ တို့ တွေ့ရမဲ့ဒုက္ခက မသေးဘူးနော်။ ဆုတောင်းပြည့် ဘုရား မကယ်နိုင်ဘူး။ ဖြေးဖြေးမှဆိုတဲ့ ဆင်ခြေပေးနေလို့ကတော့ ငရဲမျိုးစေ့ကြီးပွား ပါရစေဆိုတာနဲ့ အတူတူပဲ။ (မိုးကုတ်ဆရာတော်ဘုရားကြီး )



ဓမ္မရတနာ ဆိုသည်မှာ






ဗုဒ္ဓ ၊ ဓမ္မ ၊ သံဃ စတဲ့ ရတနာ သုံးပါးသည် ဗုဒ္ဓဘာသာဝင်တိုင်း ဆည်းကပ်ကိုးကွယ်ရာ ၊ ကြည်ညိုပူဇော်ရာ ၊ အမြတ်တနိုးထားရာ ရတနာသုံးပါး မဟုတ်ပါလော ။ အဘယ့်ကြောင့် ရတနာနှင့် နှိုင်းယှဉ် ရသနည်းဟု ဆိုလာလျှင် ဗုဒ္ဓ ဓမ္မ သံဃတို့၏ ကျေးဇူးဂုဏ်တို့အား တန်ဖိုး မဖြတ်နိုင်သောကြောင့် ပင်တည်း ။ ဓမ္မဆိုသည်မှာ လောကကြီးတွင် တည်ရှိနေသော အမှန်တရား သဘာဝတရားဖြစ်သည် ။ မြတ်စွာဘုရား မပွင့်ခင်ကတည်းက ရှိခဲ့သည် ။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှာလည်း ရှိခဲ့သည် ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက်ပိုင်း တွင်လည်း ရှိနေသည် ။ အချိန်တိုင်း အမြဲတမ်း မှန်ကန်နေသော တရားသည် ဓမ္မပင် ဖြစ်ပေတော့သည် ။ ရတနာကို ရတနာမှန်း မသိသော သူတို့သည် အဖိုးအန ဂ္ဃ ထိုက်တန်လှသော ရတနာပုံ အပေါ်သို့ ရောက်နေ သော်ငြားလည်း ရတနာတို့၏ တန်ဖိုးကို မသိသဖြင့် မည်သို့ ထုတ်ယူသုံးစွဲခြင်းငှာ မစွမ်းနိုင်သကဲ့သို့ သံသရာ ၀ဋ်ဆင်းရဲတွင်းမှ လွတ်ကင်းရာ နိဗ္ဗာန်လမ်းကို ပြညွှန်သော မြတ်ဗုဒ္ဓ၏ ဓမ္မတန်ဖိုးကို မသိကြကုန်သော သူတို့ သည်လည်း ဗုဒ္ဓသာသနာတော်၏ အနှစ်သာရ တန်ဖိုးကို ထုတ်ယူသုံးစွဲ ကျင့်ကြံအားထုတ်ခြင်းငှာ မစွမ်းနိုင် ကြပေ ။

၅၃။ အကန့်အသတ် မှန်သမျှမှ လွတ်မြောက်ခြင်း ပရမတ် တရား စာစုများ

( ၁ ) ကိလေသာစွမ်း
ဒေါသ သာ တကယ် အစွမ်းထက်ရင် သူဖန်ဆင်းထားတဲ့ လောကကြီး အန္တရာယ် လုံးဝကင်းနေပြီပေါ့။
လောဘ သာ တကယ် အစွမ်းထက်ရင် သူဖန်ဆင်းထားတဲ့ လောကကြီး လိုလေသေး မရှိအောင် ပြည့်စုံနေပြီပေါ့။
အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွတ်ခိုင်းသလို လူလူချင်း ငါသူခွဲပြီး ယှဉ်ပြိုင်ခိုင်းတာ ကိလေသာ။
ကိလေသာကို အဖြစ်ခံပြီးမှ မစွန့်နဲ့၊ ဖြစ်အောင် လုပ်တဲ့ စိတ်အကျင့်ကို စွန့်။

( ၂ ) အပြစ်စွဲ ဖြုတ်
ကာယကံ၊ ၀ဇီကံ မမြောက်ပေမယ့် သူများ စိတ်အနှောင့်အယှက်ဖြစ်စေတာကိုက 'မနောကံ' အပြစ်ပဲ။
အပြစ်မရှာနဲ့၊ အပြစ်ပဲ ရှိတာကို လက်ခံနိုင်ဖို့ ကြိုးစား။ အပြစ်စွဲလို့ အပြစ်ပဲ မြင်နေတာ။ အချစ်စွဲလို့ အချစ်ပဲ ၀င်နေတာ။ ဒေါသမကင်းလို့ သတ်မှတ်ထားတဲ့ အပြစ်တွေချည်း မြင်နေတာ။ လောဘမကင်းလို့ သဘောကျစရာ၊ အထင်ကြီးစရာလို့ ထင်တာ။ မာန်မာန မကင်းလို့ ယှဉ်ပြိုင်စရာ၊ အနိုင်ယူချင်စရာလို့ ထင်တာ။ မောဟ မကင်းလို့ ဘာတွေ ညာတွေ၊ ဘယ်သူ ဘယ်ဝါ၊ ဘယ်နေရာ ဘယ်အချိန်အခါ ဆိုတာတွေကို အဟုတ်ထင်နေတာ။
လောဘ၊ ဒေါသ၊ မောဟရဲ့ အပြစ်ကို နားလည် လက်ခံနိုင်ဖို့ ကြိုးစားရမယ့်အစား သူများအပြစ် လိုက်ရှာ၊ လိုက်ပြောနေရင် နာမည်ခံ၊ အရေခြုံ ယောဂီပဲ။
သူများကို အပြစ်တင်မယ့်အစား ကိုယ်ကောင်းတာ ဖိလုပ်ပါ။ သူများကောင်းတာ မလုပ်တော့ ကိုယ်ပိုလုပ်ခွင့်ရတာပေါ့။

( ၃ ) အပြော နဲ့ အလုပ်
-အပြောချိုဖို့ထက် သဘောချိုဖို့ အဓိက။
-စကားကို မစစ်နဲ့၊ လူကို မစစ်နဲ့၊ စိတ်စစ်။
-အလုပ်မှား အပြောမှားတာထက်၊ စိတ်မမှားဖို့ အရေးကြီးတယ်။
-အပြောယဉ်ကျေးရုံနဲ့ တရားမရနိုင်၊ စိတ်ယဉ်ကျေးမှ တရားရမယ်။
-စကားနဲ့ တည်ဆောက်ထားတဲ့ ရိပ်သာ မဟုတ်လို့ စကားနဲ့ ပြုပြင် ဖာထေးလို့ မရဘူး။ စကားတွေကို အဟုတ်ထင်နေလို့ အပြောမခံနိုင်တာ။
-စကားများတော့ ရန်များ၊ စကားနည်းတော့ ရန်နည်း။
-အပြောရှောင်တဲ့ အလုပ်ကိုဆောင်။ ပြောဖို့ အရေးမကြီးနဲ့ လုပ်ဖို့ အရေးကြီးပါ။
-အပြော အဓိကဆို အလုပ် သာမည ဖြစ်နေပြီ၊ စကားများသလောက် အလုပ်နည်းနေပြီ။

စကားဟာ စကားပဲ၊ တရားမဟုတ်။ စကားနဲ့ မဆုံးမနဲ့။ အလုပ်နဲ့ ဆုံးမပါ။
သူများလည်း ကိုယ်လိုပဲ စကားနဲ့ ပြောပြမှ သိမယ်ထင်ပြီး ပြောဆိုချင်နေတာကိုက အသိဥာဏ် အားနည်းလို့။
စကားစွဲပြုတ်မှ စကားသုံးပါ။ စကားနဲ့ မပြောနဲ့။ အလုပ်နဲ့ ပြော။
အပြောနဲ့ မလုပ်နဲ့၊ အလုပ်နဲ့ ပြော။ အပြောမကောင်းနဲ့၊ အလုပ်ကောင်းပါ။နှုတ်တစ်ရာ၊ စာတစ်လုံး၊ စာတစ်ပွေ့၊ လက်တွေ့တစ်ချက်။ ၀ိမုတ္တိခေတ်ကို စကားလုံးတွေနဲ့ တည်ဆောက်လို့မရ။
စကားရိပ်သာ မဟုတ်၊ ဘုရားရိပ်သာ၊ သံဃာ့ရိပ်သာလည်း မဟုတ်၊ တရားရိပ်သာ။ ဘုရားတောင်
တရားပဲ အားကိုးတဲ့အတွက် တရားအလုပ်ကို အဓိကထား။
အလုပ်မှားမကြောက်နဲ့၊ မှားတာကို ငါ့အမှားပဲလို့ထင်တဲ့ အစွဲကိုကြောက်။ မရမက မလုပ်နဲ့။ လုပ်ရုံ သက်သက်လုပ်။ ဘာလုပ်လုပ် လက်ခံ၊ သိမ်းပိုက်ပြီး မလုပ်နဲ့၊ စွန့်လုပ်။ စွန့်ရင် စွန့်နိုင်။ လှူရင် လှူနိုင်။ လုပ်ရင် လုပ်နိုင်။ ဘာမှ ဖြစ်ချင် မနေနဲ့၊ ဖြစ်စေတဲ့ အကြောင်းတရားသာ ပြုလုပ်နေ။
အလုပ်မတူရင် ကံမတူ၊ အကျိုးပေးလည်း မတူ။ အလုပ်တူမှ ကံတူ၊ အကျိုးပေးလည်းတူ။


( ၄ ) အပူသည်များအတွက်
မျှော်မနေနဲ့, ပူမနေနဲ့တော့။ အစမရှိအောင် မျှော်ခဲ့, ပူခဲ့ရပြီ။ အဆုံးမရှိအောင် မျှော်နေ, ပူနေရအုံးမယ်။
မဖြစ်နိုင်တာ ဘာမှ မရှိဘူးဆိုပြီး ဘာဖြစ်မှာ၊ ညာဖြစ်မှာ ပူနေရမှာ မဟုတ်၊ လုပ်စရာရှိတာကို
ဖြစ်အောင် လုပ်ရမှာ။
ပူလို့ ပူစရာရှိတာ, ပူစရာဖြစ်တာ။ ဘာမှ မပူနဲ့၊ အချိန်တန်ရင် အရာရာ ဖြစ်လာမယ်၊ ပူနေရင်တော့ ဖြစ်မှာ မဟုတ်ဘူး။ တစ်ခုခု၊ တစ်ယောက်ယောက် ကို သဘောကျ (သို့) မကျေမနပ်ဖြစ်တယ် ဆိုကတည်းက အပူစ, တော့တာပဲ။
အားမရှိတဲ့စိတ်က ဘာဖြစ်မှာ ညာဖြစ်မှာ ပူတယ်၊ အားရှိတဲ့စိတ်က အလိုကင်း အပူကင်းတဲ့အတွက် ဘာမဖြစ်နဲ့၊ ညာမဖြစ်နဲ့လို့ အမိန့်ပေးနိုင်တယ်။

( ၅ )အမှန်တရား
အထင်တွေ မှားနေတယ်၊ အမှန်တွေ မှားနေတယ်။ ကိုယ့်စိတ်ကိုက မစင်ကြယ်တော့ ကိုယ်မြင်တာ၊ ကြားတာ၊ နံတာ၊ စားတာ၊ ထိတွေ့တာ၊ တွေးကြံတာတွေလည်း မစင်ကြယ်၊ မမှန်ကန်တော့ဘူး။
-အဟုတ်ထင်နေတာကိုက တကယ်မဟုတ်တာ။
-အထင်ဟုတ်နေတာကို အဟုတ် ထင်မနေနဲ့။
-အမှားချည်းပဲ ရှိတာကို ဘာမှားတယ် ညာမှားတယ်ဆိုပြီး တစ်ခု၊ တစ်ယောက်တည်းက မှားနေတယ် ထင်နေတာကိုက အကြီးအကျယ်မှားနေတာ။ ငါမှန်တယ်၊ သူမှားတယ် အငြင်းပွားမနေပါနဲ့။
တကယ်ရှိမဟုတ်ဘဲ၊ သတ်မှတ်ချက်တွေမျှသာဖြစ်တဲ့ ဘာမှ၊ ဘယ်သူမှ၊ ဘယ်အချိန်မှ၊ ဘယ်နေရာမှ တကယ်လည်း မမှန်ဘူး၊ တကယ်လည်း မမှားဘူး။ အဖြစ်တရား သက်သက် (ပရမတ်)ပဲရှိတာ၊ အရှိတရား(တစ်ခု၊တစ်ယောက်၊တစ်ချိန်၊တစ်နေရာဆိုပြီး)ဖြစ်နေတာမဟုတ်။
ခေါင်းဆောင်ချင်တဲ့စိတ်ကို စွန့်နိုင်မှ ခေါင်းဆောင်အစစ်။
ဆရာ မဖြစ်ချင်နဲ့၊ ဖြစ်ချင်လို့ ဖြစ်တာက နာမည်ခံ ဆရာပဲ။ ဆရာဖြစ်နိုင်လောက်တဲ့ စွမ်းရည်သတ္တိရှိဖို့သာ ကြိုးစား။
ကြီးကျယ်ချင်လို့ ကြီးကျယ်နေတာက ပြန်သေးသိမ်ရဦးမယ်။
လိုချင်လို့ရတာ မှန်သမျှ ပြန်ဆုံးရှူံးဖို့ပဲ။
ယှဉ်ပြိုင်ချင်စိတ်ကို အမြစ်ပြတ်လုံးလုံးစွန့်နိုင်မှ ပြိုင်ဘက်ကင်းတာအစစ်။
ပြောမှသိ၊မြင်မှယုံတဲ့ ကိုယ်လိုသူလိုအဖြစ်က လွတ်အောင်ကြိုးစားရမယ်။ အောက်ကျမခံနိုင်တဲ့စိတ် ကိုယ်၌က အောက်ကျတဲ့စိတ်။
အထင်သေးမခံနိုင်တဲ့စိတ် ကိုယ်၌က တကယ့်အထင်သေးစရာစိတ်။ အပြောအဆို မခံနိုင်တဲ့စိတ် ကိုယ်၌က အပြောအဆို, ခံစရာ အကြောင်း ဖြစ်စေတဲ့စိတ်။
ကြောက်တတ်တဲ့စိတ် ကိုယ်၌က ကြောက်စရာအစစ် ဖြစ်လေသည်။
သူများယုံအောင် လုပ်ယူရမှာမဟုတ်၊ သူများယုံကြည် လက်ခံနိုင်လောက်တဲ့ အရည်အချင်း ကိုယ့်မှာရှိဖို့သာ ကြိုးစားရမှာ။ တကယ်ကောင်းဖို့သာ အရေးကြီးပါ။
အသိများ(ကြော်ငြာ)ဖို့ အရေးမကြီးနဲ့။
ကောင်းလို့သိတာက အချိန်ကြာလေ ပိုကောင်းလေနဲ့ စိတ်ချရတယ်။ သိလို့ ကောင်းတာက အသိများအောင် ကြိုးစားနေရတဲ့ဒုက္ခ ကြာလေ ပိုလေပဲ။
လုပ်ယူရင် လုပ်နေရတဲ့ ဒုက္ခမကင်းဘူး။
`မသေချာတာတွေပဲ′ သေချာနေတာ၊ `မရေရာတာတွေပဲ′ ရေရာနေတာ၊ `မဟုတ်တာတွေပဲ′ ဟုတ်နေတာ `လောက ′။
တကယ်ရှိ၊ နဂိုရှိတဲ့ သင်္ခါရလောက ကလွဲရင် ကျန်တဲ့ လောကအားလုံး အတုပဲ။ တစ်စက္ကန့်၊ တစ်ရက်၊ တစ်နှစ်၊ တစ်ဘ၀ မပြောနဲ့။
တစ်သံသရာလုံးတောင် တကယ်မဟုတ်။

( ၆ ) အသုံး နဲ့ အစွဲ
အသုံးချန်ပြီး အစွဲဖြုတ်ရမှာ။ စိတ်ဆိုတာ သုံးရမှာ စွဲရမှာ မဟုတ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ သံသယဖြစ်နေတာကို ငါဖြစ်နေတယ် ယူဆနေရင် စိတ်ကို စွဲနေပြီ။ အစွဲကင်းမှ ပြော၊ အစွဲကင်းမှ သုံးတာ စိတ်ချရတယ်။

( ၇ ) အစွဲတဏှာကိုစွန့်
-ပုဂ္ဂိုလ်စွဲကိလေသာက ဘယ်သူဘယ်ဝါလို့ သိတာ။
-နေရာစွဲက ရိပ်သာလို့ သိတာ။
-တရားစွဲက ဘာတရား၊ ညာတရားလို့ သိတာ။
-အစွဲကင်းမှ အမှန်သိမယ်။
-ဝေဒနာကို အဟုတ်ထင်နေလို့ ဝေဒနာ ရှိနေတာ။
-ခံစားလို့ ခံစားချက်ရှိတာ။ ခံစားဖို့လိုတာ။
-သတ်မှတ်ထားတဲ့ အမှား၊ အမှန်အပေါ် အဟုတ်ထင်နေမှုကို မစွန့်နိုင်သရွေ့ ပရမတ် အမှန်တရားကို မသိနိုင်။
အစွဲကင်းအောင် ကြိုးစားရမယ့်အစား ဘာအမှား၊ ညာအမှား၊ ဘာအမှန်၊ ညာအမှန် ဆိုပြီး စွဲနေတာကိုက အစွဲမှားနေတာ။ အစွဲပဲရှိတာ၊ အစွဲကင်းဖို့ပဲလိုတယ်။ အဖြစ်ကောင်းဆိုလို့ အလိုကင်း အစွဲကင်းတဲ့ အဖြစ်ပဲရှိတယ်။
သေရဲတာ သတ္တိ မဟုတ်၊ အသက် (၀ိညာဉ်လေး)ရှိနေတယ်၊ အချိန်ရှိနေတယ် ထင်တဲ့အစွဲကို စွန့်ရဲတာမှ သတ္တိအစစ်။
ကိလေသာကို ရဲရဲစွန့်။
မစွန့်ရဲတာကိုက အမှားပဲ။
မစွန့်ရဲလို့ သိမ်းပိုက်နေရတာ။ `မရှိ မဖြစ်′ ဆိုတာ စကားသက်သက်ပဲ။ အဟုတ်ထင်မနေနဲ့။
ဖြစ်ချင်တာတွေ မရေမတွက်နိုင်အောင် ဖြစ်ခဲ့လှပြီ၊ `တကယ် မဖြစ်′လို့သာ ဖြစ်ချင်မှု အလိုမကင်းတာပေါ့။
လုပ်မယူနဲ့၊ စွန့်လွှတ်ယူ။ လိုနေ၊ တနေ၊ လက်ခံယူနေရတာက ပင်ပန်းဆင်းရဲသေးတယ်။ `မလို, မတ တဲ့စိတ်′ လက်မခံဘဲ ရတာမှ ဒုက္ခကင်းတာ။
တရားက ရှိပြီးသား၊ လုပ်ယူရမှာ မဟုတ်၊ လုပ်ယူချင်တဲ့ အစွဲ ဖြုတ်ရမှာ။
လုပ်ဖို့လိုတာ မှန်သမျှ အပိုပဲ၊ အလုပ်စွဲ ပြုတ်ဖို့ပဲ လိုတယ်။ အပိုအလုပ်တွေကြောင့် နဂို ပရမတ် အနတ္တ အလုပ်ကို မသိတာ။
-ရသလောက်စွန့်၊ စွန့်သလောက်ရ။
-စွန့်လို့လွတ်၊ မစွန့်လို့မလွတ်။
-အမြဲစွန့်မှ အမြဲလွတ်မယ်။
အစွဲအား၊ တစ်ခုခု၊ တစ်ယောက်ယောက်ရဲ့အားက မလွတ်လပ်ဘူး၊ အကန့်အသတ်ရှိတယ်၊ အစွဲကင်းမှ အကန့်အသတ်မရှိ လွတ်လပ်တယ်။
အတ္တကင်းကင်း-လွတ်လွတ်လပ်လပ်-လုပ်ရုံသက်သက်လုပ်။ ဘာကိုမှ မငြိတယ်ဘဲ လွတ်လွတ်လပ်လပ်လုပ်ရင် မဖြစ်နိုင်တာ ဘာမှမရှိ။

( ၈ ) အဓိက
ဖြစ်မှ ယုံရမှာ မဟုတ်၊ ယုံမှ ဖြစ်မှာ။
ဘာလုပ်တယ် မလုပ်ဘူးဆိုတာထက် ဘာစိတ်နဲ့ ဘာအသိဥာဏ်နဲ့ လုပ်တာလဲ၊ ဘာစိတ်နဲ့ ဘာအသိဥာဏ်နဲ့ မလုပ်ဘဲနေတာလဲ ဆိုတာ အဓိက။
တကယ် မလုပ်မဖြစ်တာက အစွဲဖြုတ်တဲ့ အလုပ်။ တကယ်ဆို ဘာမှ မလိုတာ သိဖို့ လိုတယ်။ တကယ်လိုတာ လုပ်ဖို့သာ အဓိက။ ဖြစ်အောင်လုပ်ဖို့ထက် ဖြစ်အောင်လုပ်ချင်စိတ်ကို စွန့်နိုင်ဖို့ အဓိက။
ကိုယ်ဖန်ဆင်းထားတဲ့ ကိုယ်ပိုင်ဥာဏ်ကို စွန့်နိုင်တဲ့ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်စွမ်းအားနဲ့ဆို ကိုယ်ဖြစ်ချင်တာတွေ မှန်သမျှ အလိုလိုဖြစ်တယ်။ `လိုရင် အလိုကင်းအောင်ကျင့် '။ `အလိုစိတ်တွေ မြဲနေလို့ အမြဲလိုနေတာ'၊ `အလိုကင်းရင် အမြဲပိုနေမယ်'။

( ၉ ) အားကိုးရာစစ်
ဘာမဆို အဖြစ်ခံရဲ၊ အရာရာကို အဆုံးရှူံးခံရဲ၊ စွန့်လွှတ်ရဲတဲ့ သတ္တိကိုသာ အားကိုး။
'ဖြစ်ချင်စိတ်' နဲ့ 'မဖြစ်မှာ ပူပန်တဲ့စိတ်တွေကို' အားမကိုးနဲ့။
အားကိုးချင်စိတ်ကို စွန့်လွှတ်တဲ့စိတ်ကို အားကိုး။

( ၁၀ ) ဆောင်ရန်၊ ရှောင်ရန် ( စိတ်အတွက် )
ဘာကိုမှ၊ ဘယ်သူ့ကိုမှ၊ ဘယ်နေရာကိုမှ၊ ဘယ်အချိန်ကိုမှ ဆောင်မထားနဲ့။ အဲဒါတွေကို ရှောင်တဲ့အလုပ်သာ အမြဲဆောင်နေ။ တစ်ခုခုကို အရှိလုပ်မယ်ဆိုလည်း တစ်ခုတည်းကို အစွဲနဲ့ အရှိလုပ်မထားနဲ့၊ ဘာတစ်ခုမှ မကျန်အောင် အကုန် အရှိလုပ်ပါ။ ဖြစ်ရပ်တစ်ခုတည်းကို မကြည့်နဲ့၊ ဖြစ်စဉ်တစ်ခုလုံးကိုကြည့်။
ပေးတတ်၊ စွန့်တတ်ဖို့ထက် ယူတတ်၊ လက်ခံတတ်ဖို့ ပိုခက်တယ်။
နာမည်ခံ မစွန့်နဲ့၊ တကယ်စွန့်။ လောဘ၊ ဒေါသ၊ မောဟပါ မကျန်အောင် စွန့်ပါ။ အမည်ခံယူ၊ တကယ်မယူနဲ့၊ 'လောဘ၊ ဒေါသ၊ မောဟ'ကို စွန့်ယူပါ။ နောက်ပြန်ဆုတ်မယ့် စိတ်ကူးရှိနေရင် အဲဒီစိတ်ကို မနိုင်နိုင်အောင် စွန့်ပြီးမှ ရှေ့တက်ပါ။

( ၁၁ ) ပညတ်၊ ပရမတ်
ဆိုင်းဘုတ်ဆွဲတာ ခွဲခြားတာ အကျင့်ပါနေလို့ ' မသာ 'တင်မက၊ အုတ်ဂူမှာပါ ဆိုင်းဘုတ်ဆွဲနေရတာ။
ဘာတွေ-ညာတွေ၊ ဘယ်သူ-ဘယ်ဝါ၊ ဘယ်နေရာ၊ ဘယ်အချိန်အခါဆိုတဲ့ သတ်မှတ်ချက်တွေ မှန်သမျှ ဆိုင်းဘုတ်ပြုတ်သွားနိုင်တဲ့ အန္တရာယ် အမြဲရှိတယ်။
တကယ်ရှိတဲ့ စိတ်၊စေတသိတ်၊ရုပ်၊နိဗ္ဗာန် ပရမတ်တရားတွေကမှ
အန္တရာယ်အမြဲကင်းတယ်။ ငါ၊ ငါ့ဥစ္စာဆိုပြီး
ဘာကိုမှ အပိုင်မစီးချင်နဲ့။ ဆိုင်သာဆိုင်ပြီး မပိုင်တဲ့ အဖြစ်ကို လက်ခံနိုင်ဖို့ ကြိုးစား။ ဘာဖြစ်ဖြစ် တကယ်မဟုတ်ဘူး။ တစ်ခုခု(ဒွါရ) ကို အဟုတ်လုပ်ပြီး ကြည့်လို့ အခြား တစ်ခုခု (အာရုံ) ရှိတာ။ မျက်စိကိုက အမှန်မဟုတ်တော့ မြင်တာတွေလည်း အမှန်မဟုတ်တော့ဘူး။ ဖြစ်ခဲ့တာတွေရော၊ ဖြစ်နေတာတွေရော၊ ဖြစ်တော့မှာတွေရော ဘာမှ တကယ်မဟုတ်။
ဘာကိုမှ အရှိ မလုပ်ရင် - ဘာအလုပ်မှ မရှိတော့ဘူး။
သတ်မှတ်ချက်တွေကို အဟုတ် မထင်နဲ့။
သတ်မှတ်ချက်၊ ပညတ် ဆိုတာ သုံးရမှာ၊ ဆုပ်ကိုင်ထားဖို့၊ စွဲဖို့မဟုတ်ဘူး။ သတ်မှတ်ချက်တွေကို အစွဲကင်းကင်း သုံးတတ်ရင် သုံးမကုန်ဘူး။
အစွဲနဲ့သုံးရင်လည်း အမြဲ လိုနေမှာပဲ။ စွန့်တတ်မှ သိမ်းပိုက်၊ သုံးတတ်မှ ရှာ။ မြင်နိုင်၊ ကြားနိုင်၊ နံနိုင်၊ အရသာ ခံနိုင်၊ ထိတွေ့နိုင်၊ ကြံတွေးနိုင်၊ သိအောင် လုပ်နိုင်တာက အကန့်အသတ်ရှိတယ်။ မမြင်နိုင်၊ မကြားနိုင်၊ မနံနိုင်၊ အရသာ မခံနိုင်၊ မထိတွေ့နိုင်၊ မတွေးကြံနိုင်၊ လုပ်ယူလို့ မသိနိုင်တာတွေက အကန့်အသတ်မရှိဘူး။
ပြုလုပ်မှုနဲ့ ပြုလုပ်မှု ဖြစ်တာရဲ့ တန်ဖိုးက အကန့်အသတ်ရှိတယ်။ ပြုလုပ်မှုကင်းတာနဲ့ မလုပ်ဘဲ ဖြစ်တာက တန်ဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိတယ်။ သဘာဝအားက ကြီးတယ်၊ မြဲတယ်။ ဘာမှ တကယ်ဖြစ်နေတာ မဟုတ်ဘူး၊ ပရမတ် သတ်သတ် ဖြစ်နေတာ။
ဘာမှ၊ ဘယ်သူမှ မလို၊ ဘယ်အချိန်၊ ဘယ်နေရာမှ မလိုအောင် ပြီးပြည့်စုံတာက ပရမတ်တရားပါ။
အပိုရှိ၊ နာမည်ရှိ၊ အထင်ရှိ ပညတ်အစား၊ နဂိုရှိ ပရမတ်ကိုသာ တန်ဖိုးထားပါ။
- စိတ်ရဲ့ စွမ်းရည်သတ္တိ အန
န္တထဲက သတ်မှတ်ချက်တွေမျှသာဖြစ်တဲ့ တစ်ခုခု ( အကန့်အသတ်ရှိတဲ့ အရေအတွက် ) ကိုသာ အားကိုးနေရတဲ့ အဖြစ်၊
သတ္တ၀ါ
အနန္တထဲက အကန့်အသတ်ရှိတဲ့ တစ်ဦးဦး- တစ်ယောက်ယောက်ရဲ့ အဖြစ်...အစမရှိ အဆုံးမရှိတဲ့ သံသရာကြီးထဲက အကန့်အသတ်ရှိတဲ့ အချိန် တစ်ချိန် ဘ၀သက်တမ်း တစ်ခုရဲ့ အဖြစ်...စကြာဝဋ္ဌာ အနန္တထဲက အကန့်အသတ်ရှိတဲ့ တစ်နေရာရာဆိုတဲ့ အဖြစ်...ဟာ အင်မတန် သေးသိမ်လွန်းတဲ့၊ ကိုယ်လို သူလို အဖြစ်ပါပဲ။
ပရမတ် အစစ် သိမှ၊ ပညတ် ( တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊ တစ်နေရာရာ ) စွဲ တကယ်ပြုတ်မှာ။

( ၁၂ ) အတ္တ၊ အနတ္တ
တန်ဖိုးထားလို့ တန်ဖိုးရှိနေတာကို ' တန်ဖိုးအစစ် ' ဆိုပြီး တန်ဖိုးထားနေရင် အတ္တ။ ယုံလို့ ယုံနေတာ အတ္တ၊ ယုံနေစရာ မလိုဘဲ ယုံနေမှ အနတ္တ။
ပေါင်းစပ်တာ၊ နှိုင်းယှဉ်တာ၊ ဘာတွေ ညာတွေကို အရှိလုပ်တာ အတ္တ။
မပေါင်းစပ်တာ၊ မနှိုင်းယှဉ်တာ၊ ဘာတွေ ညာတွေကို အရှိမလုပ်တာ အနတ္တ။
တစ်ခု၊ တစ်ယောက်၊ တစ်ချိန်၊ တစ်နေရာဆိုတဲ့ သတ်မှတ်ချက်တွေကို မှီနေတာ အတ္တ။ အကောင်း အမှန်ဆိုတဲ့ သတ်မှတ်ချက်ကို ဆုပ်ကိုင်ပြီး တစ်ယောက်ယောက်၊ တစ်ခုခုရဲ့ အပြစ် လိုက်ရှာနေတာ လောကီ အတ္တ အလုပ်။
အတ္တနဲ့ လုပ်တာ မှန်သမျှ ကြာရှည် မခံဘူး ။ ကြီးကျယ်တဲ့ စကားတွေ ၊ ကြီးကျယ် လုပ်ရပ်တွေနဲ့ သေးတိမ်တဲ့ စိတ်ကို ဖုံးကွယ်နေတာ လောကီ အတ္တ အလုပ်။
ဦးဏှောက် သေးသေးလေးနဲ့ လောက အကြီးကြီး အကြောင်းကို မတန်မရာ ကြံမနေပါနဲ့၊ တစ်ခုခုဆိုတဲ့ ဦးဏှောက် အားကိုးတဲ့ အစွဲကိုသာ ဖြုတ်လိုက်။
ဘာတွေ, ညာတွေ၊ ဘယ်သူ ဘယ်ဝါ၊ ဘယ်နေရာ၊ ဘယ်အချိန်အခါဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ အမြဲ အလုပ်ရှုပ်နေတာ လောကဇာတ်ခုံ။
' ဖြစ်ခဲ့တာတွေ ' နဲ့ ' ဖြစ်ဦးမှာတွေ ' ပဲ ' အခုဖြစ်နေတာ ' လောက။
ဘာတွေ ညာတွေ၊ ဘယ်သူ ဘယ်ဝါ၊ ဘယ်နေရာ ဘယ်အချိန်အခါ ဆိုတဲ့ အကန့်အသတ်တွေ လွန်မြောက်နေတာ လောကုတ္တရာ။
တစ်ခုခု၊ တစ်ယောက်ယောက် အဖြစ်လောက် သေးသိမ်တာ မရှိသလို တစ်ခု၊ တစ်ယောက် အတ္တစွဲ ပြုတ်တဲ့ အနတ္တ အဖြစ်လောက် ကြီးကျယ်တာလည်း မရှိတော့ဘူး။

( ၁၃ ) အကြောင်းကိုက အကျိုးပဲ။
-လုပ်တာနဲ့ ဖြစ်တာ အတူတူပဲ။
-စေတနာထားရင် ' စေတနာ ' ဖြစ်တယ်။
-မေတ္တာထားရင် ' မေတ္တာ ' ဖြစ်တယ်။
-စွန့်လွှတ်ရင် ' စွန့်လွှတ်တာ ' ( စွန့်လွှတ်ရဲတဲ့စိတ် ) ရတယ်။ လုပ်ရင် ' လုပ်တာ 'ရတယ်။
-ကြောက်ရင် ' ကြောက်တာ ' ရတယ်။
-သံသယဖြစ်ရင် ' သံသယဖြစ်တာ ' ရတယ်။

( ၁၄ ) တရားအလုပ်ဆိုတာ
- ဘုရားရဲ့ စိတ်ပိုင်းဆိုင်ရာ အမွေကို ဆက်ခံနိုင်ဖို့ ကြိုးစားတာ တရားအလုပ်။
- မကန့်သတ်ဖို့၊ မပညတ်ဖို့၊ မဆုပ်ကိုင်ဖို့၊ မသိမ်းပိုက်ဖို့ အဓိကထားတာ တရားအလုပ်။
- ဘယ်သူဘယ်ဝါဆိုတဲ့ တစ်ယောက်ယောက် အစွဲကို ဖြုတ်ပြီး ဘာတွေ ညာတွေဆိုတဲ့ တစ်ခုခု မဟုတ်တဲ့ အလုပ်ကို ဘယ်အချိန် ညာအချိန် မကန့်သတ်၊ ဘယ်နေရာ ညာနေရာ မခွဲခြားဘဲ လုပ်တာ တရားအလုပ်။
- တစ်ခုခု လုပ်တာ ကံအလုပ်၊ တစ်ခု၊ တစ်ယောက်၊ တစ်ချိန်၊ တစ်နေရာဆိုတဲ့ သတ်မှတ်ချက်တွေကို ' အရှိ၊ အဟုတ် ' လုပ်နေတဲ့ သဘော မှန်သမျှကို စွန့်တာ ဥာဏ်တရားအလုပ်။
စဉ်းစားတဲ့ အလုပ် မလုပ်နဲ့၊ စိတ်အလုပ် မှန်သမျှကို တရစပ် ' စွန့်နေတဲ့ သဘော ' ကမှ တရားအလုပ်။
ကံစီမံရာ မခံရအောင် ကံ ( ပြုလုပ်ရုံ သက်သက် ) ဖြစ်အောင် ကြိုးစားတာ တရားအလုပ်။
" အလိုကင်းကင်း၊ အပူကင်းကင်း၊ လုပ်ရုံ သက်သက် လုပ်တာမှ တရားအလုပ်။ "
သံသရာကို လက်ခံပြီး အပြတ်ဖြတ်ရမှာ မဟုတ်ဘဲ သံသရာ ဆိုတာရော၊ သံသရာရှိတယ်လို့ လက်ခံတဲ့ စိတ်ကိုပါ စွန့်လွှတ်ရမှာ၊ သံသရာစွဲစိတ် လုံးဝ မရှိတော့တာမှ သံသရာ ပြတ်တာ အစစ်ပါပဲ။
စိတ်ကို အရှိလုပ်ပြီး မဂ်စိတ်-ဖိုလ်စိတ် ဖြစ်ဖို့ အားထုတ်ခြင်း မဟုတ်ဘဲ ဖြစ်နေကျစိတ်တွေ မဖြစ်တော့ဖို့ အတွက်သာ တရားအလုပ်လုပ် ရမှာပါ။
လောဘ ဖြစ်စရာ ကြုံလည်း လောဘ မဖြစ်မှ၊ ဒေါသ ဖြစ်စရာ ကြုံလည်း ဒေါသ မဖြစ်မှ၊ မောဟဖြစ်စရာ ' တစ်ခု၊ တစ်ယောက်၊ တစ်ချိန်၊ တစ်နေရာသတ်မှတ်ချက်တွေနဲ့ကြုံတဲ့အခါ လည်း
မောဟမဖြစ်(တကယ်မဟုတ်မှန်းသိနေ)မှ အနတ္တတရားအသိဥာဏ်စစ်ပါ။

(၁၅)သစ္စာလေးပါး
' အဖြစ်ကောင်း 'မရှာနဲ့ ဖြစ်သမျှ ဒုက္ခသစ္စာ။
' အသိကောင်း 'မရှာနဲ့ သိသမျှ ဒုက္ခသစ္စာ။
' အလုပ်ကောင်း 'မရှာနဲ့ ပြုလုပ်သမျှဒုက္ခသစ္စာ။ ပြုပြင်တဲ့၊ ဖောက်ပြန်တဲ့၊ မတည်မြဲတဲ့၊
တစ်ခု၊တစ်ယောက်၊တစ်ချိန်၊တစ်နေရာ မဟုတ်တဲ့ ' သဘော အသစ်အသစ်လေး ' တွေက ဒုက္ခသစ္စာ။
တစ်ခု၊ တစ်ယောက်၊ တစ်ချိန်၊တစ်နေရာ ဆိုတဲ့ သတ်မှတ်ချက်တွေကို အရှိလုပ်ပြီး ခံစားတဲ့ (မျက်စိ၊ နား၊
နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် နဲ့ အဆင်း၊အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊အတွေးအကြံ၊ သိစရာတွေ ကို အရှိ
ထင်တဲ့) ' သဘော အသစ်အသစ် တွေ ' က သမုဒယသစ္စာ။
" ပြုပြင်မှု၊ ဖန်တီးမှု၊ ဖောက်ပြန်မှု၊ မတည်မြဲတဲ့ သဘော-ပရမတ် အသစ်, အသစ်တွေပဲ တကယ်ရှိတာ " ဆိုတဲ့
အမှန်တရားကို လက်ခံနိုင်ဖို့ ကြိုးစားကာ မတ္တကြိုးစားတာ မဂ္ဂသစ္စာ။
" ပြုပြင်မှု၊ ဖန်တီးမှု၊ ဖောက်ပြန်မှု၊မတည်မြဲမှုကင်းတဲ့သဘော " ကနိရောဓသစ္စာ၊ နိဗ္ဗာန်။

(၁၆) အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့သဘာဝရိပ်သာများ
တဏှာလက်သမားက တည်ဆောက်သော ရိပ်သာများမဟုတ်ပါ။ စင်ကြယ်သော (အလောဘ၊ အဒေါသ၊ အမောဟ)စိတ်များဖြင့်သာ တည်ဆောက်ထားသဖြင့် လောဘ၊ဒေါသ၊မောဟ ကိုစွန့်ဖို့
မကြိုးစားသူများ၊သတ္တိနည်းသူများ အတွက် ဤကိလေသာ သုသာန်ရိပ်သာတွင်နေရာမရှိ။
ဆေးရုံဆိုတာ လူမမာ တွေရဲ့သင်္ချိုင်း။ ရိပ်သာဆိုတာ ကိလေသာတို့ ရဲ့ သင်္ချိုင်း။

အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ သဘာဝရိပ်သာများသည် ပြောသမျှသာသိပြီး ခိုင်းသမျှသာလုပ်တတ်သည့်
နာမည်ခံစက်ရုပ် ယောဂီများ မွေးထုတ်နေခြင်းမဟုတ်၊ အနတ္တအသိဥာဏ်ရှင်ယောဂီအစစ်များ
မွေးထုတ်နေခြင်း ဖြစ်သည်။
အမှားကို တိုက်ရိုက်နှိမ်နင်းတာ သာသနာပြုမဟုတ်ဘဲ၊ အမှန်တရားကို အမှားထက် သာအောင်
ဖော်ထုတ်ခြင်းအားဖြင့် အမှားမှေးမှိန်သွားအောင်ကြိုးစားတာမှ ဘုရားကိုယ်တိုင်ပြုတဲ့ သာသနာပြုနည်း
အစစ်ပါ။
ဘုရားက သူ့ကို အမျိုးမျိုး ဒုက္ခပေးသေကြောင်းကြံတဲ့ သူ့တပည့် ဒေ၀ဒတ် ကိုတောင် ရာထူးအာဏာ၊ တရားဥပဒေ အားကိုးပြီး တရားစွဲအဲအပြစ်မပေးဘဲ ကိုယုယ့် အကုသိုလ်ကံ နဲ့ ကိုယ် အချိန်တ်တန်တော့မြေမျို အ၀ီစီကျတာ၊(သူ့တရားကသူ့ကိုအချိန်ရောက် မှစီရင်တာ)ကိုပဲ လက်ခံတာပါ။
ကောင်းကောင်းဆိုးဆိုး လာသမျှယောဂီများကို လက်ခံခြင်းသည် မဟုတ်တာ လုပ်ဖို့
လူမိုက်မွေးခြင်းမျိုး မဟုတ်ဘဲ (မဟုတ်တာလုပ်ဖို့ဆိုလျှင် တရားထိုင်ခိုင်း နေစရာအကြောင်း မရှိပါ)
ထောင်ထဲမှာ လူမိုက်တွေစုနေသဖြင့် အပြင်လောကကြီး ပြဿနာနည်းသွားသလို လူဆိုးများ ရိပ်သာ
ဝင်တရားအားထုတ်၊ ကောင်းတာလုပ်နေ ခြင်းအားဖြင့် အပြင်လောကကြီး အေးချမ်းသွား
စေရန်သာဖြစ်သည်။
ဘယ်သူ လှူတယ် ဆိုတာ သူများ သိစေဖို့ထက် လှူချင်တဲ့စေတနာက လှူတယ်ဆိုတာ
အလှူရှင်ကိုယ်တိုင်ကသိဖို့ ပိုအရေးကြီးပါတယ်။
အများအကျိုးဆိုပေမယ့် တကယ်တော့ တစ်ဦးချင်းစီရဲ့အကျိုးပါပဲ၊
အများဆိုတာ တစ်ဦးချင်းစီရဲ့ အစုအပေါင်းပါပဲ၊ တွေ့ကြုံသမျှ တစ်ဦးချင်းစီကို ဂရုစိုက်တာသည်ပင်လျှင် အများအကျိုးကို ဂရုစိုက်တာအစစ်ပါပဲ၊
အများအကျိုးဆောင်ရွက်တယ်ဗန်းပြပြီး တစ်ဦးချင်းစီကို လျစ်လျူရှု ဂရုမစိုက်တာမျိုးက အများအကျိုးစစ် မဟုတ်ပါဘူး။

(၁၇)သတ္တ၀ါအနန္တအတွက်သံသရာဟောစာတမ်း။
ဘာဖြစ်ဦးမှာလည်း မမေးနဲ့တော့၊
အရင်ကလည်း ဒါပဲ .. ..
အခုလည်း ဒါပဲ .. ..
နောက်လည်း ဒါပဲ .. ..
(ဒါပဲဆိုတာ အယူမှား၊ အမှတ်မှား၊ အသိမှား ကိလေသာ။)
ရှုထောင့် မတူလို့ အမြင်မတူတာပါ။

0 ဝေဖန်မှု

ပုဂ္ဂိုလ် သတ္တ၀ါ သူ ငါ မဟုတ် ။ အကြင်အကျိုးတရား တို့သည် အကြင်အကြောင်းတရားတို့ကြောင့် သာလျှင် ဖြစ်တော့သည် ။

ကိုယ့်စိတ် ကိုယ်စစ်


ကိုယ့်ကံကြမ္မာကို ကိုယ်သာဖန်တီးနေတာပါ။
မိမိပြုသော၊ မိမိ၌ဖြစ်သော၊မိမိကြောင့်ဖြစ်သော မကောင်းမှုသည် ထိုသူမိုက်ကိုပင် ဖျက်စီး၏၊ ။ မကောင်းမှုကို မိမိပြုလျှင် မိမိပင် ညစ်ညူး၏၊ ။ ကောင်းမှုကို မိမိပြုလျှင် မိမိပင် စင်ကြယ်၏။ စင်ကြယ်ခြင်း၊ ညစ်ညူးခြင်းကို မိမိပင် ပြုလုပ်၏။

မကောင်းမှုပြုသူသည် မကောင်းကျိုး မပေး သေးသရွေ့သာ ကောင်းကျိုး ချမ်းသာကို တွေ့မြင်ရ၏။
ကောင်းမှုပြုသူလည်း ကောင်းကျိုး မပေး သေးသရွေ့သာ မကောင်းသောဆင်းရဲ ကို တွေ့မြင်ရ၏။

သူတပါးတို့၏အပြစ်ကိုအစဉ်ရှု၍၊ ကဲ့ရဲ့ခြင်းကြောင့် အာသဝေါတရားတို့သာ တိုးပွားကုန်၏၊

အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင် နိုင်လေ၏၊ မကောင်းသောသူကို သူတော်ကောင်း တရားဖြင့် ဆက်ဆံကာ အောင်နိုင်လေ၏၊ ၀န်တိုသောသူ ကိုပေးကမ်းခြင်းဖြင့် အောင် နိုင်လေ၏၊ မဟုတ်မမှန် ပြောဆိုသူကို မှန်ကန်သော စကားဖြင့် အောင်နိုင်လေ၏။

ဆက်ဖတ်ရန် ....>>

ဝိပဿနာ အကျိုး


တရားပညာ မရှိ၊ သမာဓိ မရှိဘဲ အနှစ်တရာပတ်လုံး အသက်ရှည်နေရခြင်းထက် တရားပညာရှိ၍ သမထ ၀ိပဿနာကို ရှုသောပုဂ္ဂိုလ်၏ တရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

အလှူ့တကာ အလှူတွင် တရားအလှူသည် အမြတ်ဆုံး ဖြစ်သည် ။
ဝိပဿနာဖြင့် ပူဇော်ခြင်းသည် ဘုရားအနှစ်သက်ဆုံး ပူဇော်ခြင်း ဖြစ်၍ ဘုရားသာဓုခေါ်သော ပူဇော်ခြင်းလည်း ဖြစ်ပေသည် ။

ဝိပဿနာစိတ် ဖြစ်နေသော သူသည် အဟုတ် အရှိ တကယ် ထင်နေသော သမုဒယ ကို သမုဒယမှန်း သိကာ တကယ်မရှိမှန်း သိနေသောကြောင့် ၄င်းအရာတို့အပေါ် ကပ်ညှိသည့် လောဘ ဒေါသ မောဟ မာန်မာန ကင်းစင်ကာ သီလနှင့်လည်း ပြည့်စုံပေသည် ။

ဒါန သီလ သမထ သည် ကံလမ်းဖြစ်သောကြောင့် ကံအကျိုးပေး ကိုယ်စီ ရှိကြပါသည် ။ ၀ိပဿနာသည် ဥာဏ်လမ်း ဖြစ်သောကြောင့် အလုံးစုံသော ဂုဏ်သတ္တိတို့နှင့် ပြည့်စုံပြီး နိဗ္ဗာန်တည်းဟူသော ငြိမ်းချမ်းခြင်း လွတ်မြောက်ခြင်းထိပါ အကျိုးပေးနိုင်ပါသည် ။

ဒါန သီလ သမထ ကို မလုပ်ရဟု ပြောခြင်း မဟုတ်ပါ ။ သို့သော် ကံလမ်းတွင် မေ့လျော့ လမ်းဆုံးမနေပဲ ဥာဏ်လမ်းသို့ ကူးပြောင်း လျှောက်လှမ်းကြဖို့ အရေးကြီးလှပါသည် ။

ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ

ရေချမ်းသစ်သီး ပန်းဆီမီးကို
ခိုင်ကြီးသဒ္ဒါ လှူပြီးကာမျှ
ငါ့မှာ ကောင်းကျိုး အလွန်းတိုးဟု
ယုံကိုးစိတ်ထဲ မရောင့်ရဲနှင့် ။

မစဲည နေ့ ဘုရားရှေ့တွင်
ပျော်မွေ့မြတ်နိုး မြဲရှိခိုး၍
ကောင်းကျိုးပွားစည် ကြီးလာပြီဟု
ယုံကြည်အားရ စိတ်မချနှင့် ။

ဓါရဏနှင့် ဓမ္မစင်္ကြာ
မေတ္တာပဌာန်း ရွတ်နိုင်စွမ်းကြောင့်
ရွှင်လန်းပီတိ ဂွမ်းဆီထိကာ
ကြီးမည့်တေဇော် မစောင့်မျှော်နှင့် ။

ဂုဏ်တော်ပုတီး သက်စေ့ပြီးအောင်
ဇွဲကြီးခိုင်မာ ငြိမ်သက်စွာဖြင့်
သဒ္ဒါကြည်ယုံ စိတ်ပြီးရုံဖြင့်
လုံလောက်လှပြီ မရပ်တည်နှင့် ။

သပြေသစ်သီး ဆီမီးလှူမျိုး
ရှိခိုးဝတ်ရွတ် စေလွှတ်မေတ္တာ
တစ်ရာ့ရှစ်သီး စိတ်ပုတီးကို
မငြီးဆင့်ကဲ စိတ်မြဲစိတ်ပါ မဖြတ်ပါနှင့် ။

ဆက်ကာတစ်မျိုး ရှေ့သို့တိုး၍
အကျိုးနိဗ္ဗာန် မျှော်ကိုးမှန်က
ရုပ်နာမ်ခွဲခြား ကျင့်ပါတရားသာ
သံသရာဝဋ် ထွက်လွတ်စေကြောင်း လမ်းမှန်ကောင်းဟု

ညွတ်ပြောင်းစိတ်ထဲ ယုံကြည်စွဲလျက်
အမြဲနေ့ည ၀ိပဿနာ ဘာဝနာကို
ခိုင်မာဆန္ဒ ကြိုးလုံ့လမှ
ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်မည်
ကြပ်ကြပ်သတိ ရှိပါစေ ။

မဟာသဒ္ဓမ္ဗဇောတိက ဦးအောင်သိမ်း

ခွင့်လွှတ်စေကြောင်း


ကျွန်ုပ်နှင့် ဘ၀ အဆက်ဆက် ကမ္ဘာအဆက်ဆက် သံသရာအဆက်ဆက်မှ ရန်ငြိုးရန်စ အာဃာတ ရှိသူများအား ခွင့်လွှတ်ကျေအေးပေးပါရန် တောင်းပန်ပါ၏ ။ ကျွန်ုပ်မှလည်း ခွင့်လွှတ်ကျေအေးပေးပါ၏ ။ ကျန်းမာပါစေ ချမ်းသာပါစေ ငြိမ်းချမ်းနိုင်ကြပါစေ ။

ဝေဒနာ ပြီးတော့ ပညာ

ခန္တီ ရှိမှ သီလ၊ သမာဓိ၊ ပညာသိက္ခာ သုံးပါးဖြစ်ပေါ်နိုင်တာ။
ဝိပဿနာရှုမှတ်နေသော သူတော်ကောင်း
ဝေဒနာ နဲ့ တဏှာ နှိပ်စက်မှုကို
သည်းခံခြင်းဖြင့် အောင်မြင်ပါလော့ ။

သာဓုခေါ်ခြင်းနှင့် အမျှပေးဝေခြင်း


သူတော်စင် သူတော်မြတ်များ နေ့စဉ် ပေးဝေသည့် ကုသိုလ်အဖို့ဘာဂကို ကျွန်ုပ်တို့မှ သာဓုခေါ်ပါ၏ ။
သာဓု သာဓု သာဓု ။

ကျွန်ုပ်တို့ နေ့စဉ်ပြုလုပ်အပ်သော ဒါနကုသိုလ် သီလကုသိုလ် သမထ ၀ိပဿနာ ကုသိုလ်ကိုလည်း ( ၃၁ ) ဘုံ ၌ ကျင်လည်ကုန်သော လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့အား အမျှပေးဝေပါ၏ ။ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ။

Myanmar pagoda photo gallery


ပုဂံ ဘုရားများ



မကွေး ဘုရားများ


ကျိုက်ထီးရိုး ဘုရားပုံတော်များ


မန္တလေး ဘုရားပုံတော်များ


မင်းဘူး ဘုရားပုံတော်များ


ပုပ္ပား


လောကဓံ

လောကဓံ ရှစ်ပါး တစ်ပါးပါးတော့ အမြဲလာမည် ။
၁။ လာဘော-ဥစ္စာပေါများ၍ တက်ကြွတုန်လှုပ်ခြင်း။
၂။ အလာဘော-ဥစ္စာနည်းပါး၍ ညှိုးငယ် တုန်လှုပ်ခြင်း။
၃။ ယသော-အခြံအရံများ၍ တက်ကြွတုန်လှုပ်ခြင်း။
၎။ အယသော-အခြံအရံနည်းပါး၍ ညှိုးငယ်တုန်လှုပ်ခြင်း။
၅။ နိန္ဒံ-ကဲ့ရဲ့ခံရ၍ ညှိုးငယ်တုန်လှုပ်ခြင်း။
၆။ ပသံသံ-ချီးမွမ်းခံရ၍ တက်ကြွတုန်လှုပ်ခြင်း။
၇။ သုခံ-ချမ်းသာခြင်းကို စွဲ၍ တက်ကြွတုန်လှုပ်ခြင်း။
၈။ ဒုက္ခံ-ဆင်းရဲခြင်းကို စွဲ၍ ညှိုးငယ်တုန်လှုပ်ခြင်း။

ကျေးဇူးတင်ခြင်း

ကျနော်ရဲ့ ဒေါသစိတ် လောဘစိတ် မောဟစိတ် မာန်မာနစိတ်တွေကို အမြဲပြန်စစ်ခွင့်ရနေတဲ့အတွက် ချီးကျူးသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ ဝေဖန်သည်ဖြစ်စေ အမှန်တကယ်ပင် ကျေးဇူးတင်ရှိပါသည် ။

သစ္စာလေးပါး တရားတော်များ DownLoad ချရန်

ဓမ္မစကားဝိုင်း

Zawgyi Font Converter ( မြန်မာစာ မပေါ်ပါက ပြောင်းယူရန် )